တရားထိုင်ခြင်းကြောင့် ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေမလဲ

တရားထိုင်ခြင်းကြောင့် ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေမလဲ

15:17 PM 18 Mar, 2024

တရားထိုင်ခြင်းဟာ ဘာသာရေးအရ ယုံကြည်ထားတဲ့ နောင်တမလွန်အကျိုးတရားတွေကို ပေးကောင်းပေးနိုင်မှာဖြစ်တဲ့အပြင် မျက်မှောက်ကာလမှာကိုပဲ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာ ဖြစ်ထွန်းစေမှာပါ။ တရားထိုင်ခြင်းဟာ ကိုယ်စိတ်ဖြေလျှော့စေခြင်း၊စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုရစေခြင်း၊နာကျင်မှုဝေဒနာတွေကို ကြံ့ကြံ့ခံစေနိုင်ခြင်း အစရှိတဲ့ ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

၁။ ကင်ဆာဝေဒနာရှင်များ

တရားထိုင်ခြင်းကြောင့် ကင်ဆာရောဂါကို အရှင်းပျောက်စေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်ဆာရောဂါကြောင့် ခံစားရတဲ့ စိတ်ပင်ပန်းထိခိုက်မှုတွေ၊ခန္ဓါကိုယ်နာကျင်မှုတွေ၊သုံးစွဲရတဲ့ ဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ တရားထိုင်ခြင်းက အထိုက်အလျောက်သက်သာစေပါလိမ့်မယ်။ ခန္ဓါကိုယ်ကြီးတခုလုံးကို စိတ်ကမောင်းနှင်တယ်လို့ အရှေ့တိုင်းက ယူဆထားတဲ့အတိုင်း စိတ်ကိုတည်ငြိမ်စေတဲ့ တရားထိုင်ခြင်းဟာ ခန္ဓါကိုယ်အပေါ်လည်း သိသာထင်ရှားတဲ့ ကောင်းကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါဆိုရင် ကင်ဆာဝေဒနာရှင်များအနေနဲ့ quality of life လို့ခေါ်တဲ့ ဘဝရဲ့ အနှစ်သာရတွေကို ပိုမိုခံစားရမှာပါ။

၂။ သွေးတိုးသမားများ

တရားထိုင်ခြင်းဟာ သွေးပေါင်ချိန်ကိုလည်း အတိုင်းအတာတခုထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအချို့အရ သိရှိရပါတယ်။ ဒါဆိုရင် သွေးကျဆေးလုံးဝမသောက်ဘဲ တရားပဲ လှိမ့်ထိုင်နေတော့မယ်လို့တော့လည်း မဟုတ်ဘူးပေါ့လေ။American Heart Association လို့ခေါ်တဲ့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပြုချက်အရဆိုရင်တော့ ပုံမှန်သုံးစွဲရမယ့် သွေးကျဆေးတွေကို သုံးစွဲရုံသာမက နေ့စဉ်တရားထိုင်ပေးမယ်ဆိုရင် သွေးတိုးရောဂါကို ပိုမိုအောင်မြင်စွာ ထိန်းချုပ်ထားနိုင်မယ်လို့ ဆိုပါတယ်။

၃။ အိပ်မပျော်သောညများအတွက်

ရာသီဥတုပူရတဲ့အထဲ မီးပျက်လို့ပဲဖြစ်ဖြစ်၊သားရေးသမီးရေး၊စီးပွားရေး၊လူမှုရေး၊ပညာရေး ဘာရေးညာရေးတွေကို ပူပန်နေရလို့ပဲဖြစ်ဖြစ်၊အချစ်နာကျနေလို့ပဲဖြစ်ဖြစ် အိပ်၍မပျော်သော ညညသံသရာတွေကို တခါတရံ (တချို့ကျပြန်တော့ မကြာခဏ) ရင်ဆိုင်ရတတ်ပါတယ်။ အိပ်မပျော်ပေါင်းများလာပြီဆိုရင် ကိုယ်စိတ်နှလုံးသုံးပါးလုံးကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ဆေးတွေဆိုတာလည်း အကျင့်ဖြစ်သွားတတ်လို့၊စွဲသွားတတ်လို့ မသုံးရင်တော့ အကောင်းဆုံးပါပဲ။ တရားထိုင်ခြင်းက ဒီနေရာမှာ အခန်းဝင်လာပါပြီ။ တရားထိုင်ခြင်းဟာ သင့်ရဲ့ မတည်မငြိမ်၊လှုပ်ရှားနေတဲ့ စိတ်အလျဉ်ကို အနည်းနဲ့အများ တည်ငြိမ်သွားစေတာမို့ မြန်မြန်အိပ်ပျော်ဖို့ အထောက်အကူ ပြုပါလိမ့်မယ်။ ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးကိုပဲ စိတ်ကအမှီလိုက်မှတ်ပြီး တခြားသော ပူပန်သောကအာရုံတွေ ဝင်မလာအောင် ကြိုးစားရှုမှတ်ရုံပါပဲ။

၄။ ကျောင်းသားကျောင်းသူများ

အခြေခံကျောင်းသားကျောင်းသူတွေကစပြီး ဟိုးတက္ကသိုလ်က ကိုကိုမမတွေအထိ ဒါမှမဟုတ် ဘွဲ့လွန်တက်နေတဲ့ ဆရာသမားတွေအဖို့ စာတွေကိုကျက်မှတ်ရတဲ့အခါ မှတ်ဉာဏ်ထက်မြက်ရင့်သန်ဖို့ အထူးလိုအပ်ပါတယ်။ ဉာဏ်ရည်ဟာ မွေးလာကတည်းက သတ်မှတ်ပြီးသားဆိုပေမယ့်လည်း ပိုမိုထက်မြက်လာအောင်တော့ လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။ လှုပ်ရှားဘောင်ဘင်ခတ်နေတဲ့ ရေမျက်နှာပြင်ပေါ်မှာ ပုံရိပ်တခုခု ထင်ဖို့မလွယ်ကူပေမယ့် တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်ပေါ်မှာတော့ ပုံရိပ်ဟာအလွယ်တကူ ထင်ဟပ်နိုင်ပါတယ်။ ဒီသဘောပါပဲ။ သင့်အနေနဲ့ တစုံတခုကို မှတ်သားချင်တဲ့အခါ စိတ်တွေက တောင်ပြေးမြောက်ပြေးဆိုရင် မှတ်ရပြုရတာ ပိုခက်တာကို တွေ့ပါလိမ့်မယ်။ ဒါကြောင့် စာမကျက်ခင်၊တစုံတခုကို မမှတ်သားခင်မှာ ဆယ်မိနစ်လောက်ပဲဖြစ်ဖြစ် အချိန်ပေးပြီး တရားထိုင်ပါ။ ဒါဟာ မျောက်ကလေးလို လှုပ်ရှားနေတဲ့ သင့်စိတ်တွေကို အတိုင်းအတာတခုထိ တည်ငြိမ်သွားစေနိုင်တာမို့ လေ့လာမှတ်သားရတာ ပိုအဆင်ပြေလာတာကို လက်တွေ့မြင်ရပါလိမ့်မယ်။ စမ်းကြည့်ပါ။

၅။ စိတ်ကျဝေဒနာရှင်များ

အထက်မှာဆိုခဲ့တဲ့အတိုင်း တရားထိုင်ခြင်းဟာ စိတ်တည်ငြိမ်အေးချမ်းမှုကို အဓိက ပေးစွမ်းနိုင်တာမို့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျဝေဒနာခံစားနေရသူတွေအနေနဲ့ ပုံမှန်တရားထိုင်ပေးမယ်ဆိုရင် အကျိုးထူးတာကို လက်တွေ့မြင်ရပါလိမ့်မယ်။ တရားထိုင်နေစဉ်မှာ စိတ်တည်ငြိမ်မှုကို ရရှိခြင်းသာမက တခြားအချိန်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုကို အတိုင်းအတာတခုထိ ဆက်ရှိနေစေတဲ့အတွက် ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ခေါင်းအေးအေးထား ဖြေရှင်းလာနိုင်မှာပါ။ ဒါဆိုရင် စိတ်ကျဝေဒနာတွေ အမြန်ဆုံး လွင့်ပါးပျောက်ပြယ်သွားမှာပဲဖြစ်ပါတယ်။