ကိုယ်ဝန်ဆောင်စဉ် ယောဂကျင့်ခြင်းရဲ့အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်စဉ် ယောဂကျင့်ခြင်းရဲ့အကျိုးကျေးဇူးများ

20:31 PM 6 Jun, 2024

ကိုယ်၀န်ဆောင်ချိန်သည် မိခင်လောင်းများအတွက် အရေးအကြီးဆုံးအချိန်ဖြစ်ပြီး စိတ်ဖိစီးမှုများလည်း ရှိနေနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် မိခင်များအတွက် စိတ်ဖိစီးမှုများ ဖြေလျော့ပေးနိုင်သလို ကိုယ်၀န်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ညောင်းညာကိုက်ခဲမှုများ ကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ယောဂကျင့်တာက သင့်ကို အကျိုးကျေးဇူးတွေ အများကြီး ရစေနိုင်ပါတယ်။ 

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ပထမသုံးလဆိုရင် ယောဂကျင့်တာမလုပ်သင့်သေးပါဘူး။ သုံးလနောက်ပိုင်း လေးလကနေ ခုနှစ်လခွဲ-ရှစ်လအထိကတော့ ကောင်းကောင်း လုပ်လို့ရတယ်။ လုပ်တဲ့အခါမှာ ကိုယ့်ဟာနဲ့ကိုယ်ပြုလုပ်တာမဟုတ်ဘဲ ကျွမ်းကျင်တဲ့ယောဂ Trainer တွေနဲ့ ပြုလုပ်သင့်ပါတယ်။ 

မိခင်လောင်းအတွက်ကတော့ ကိုယ်၀န်ရှိတဲ့အခါမှာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေက အပြောင်းအလဲ အရမ်းကြီးတယ်။ အဲ့လိုအခါမျိုးမှာ ယောဂကိုကျင့်ပေးခြင်းအားဖြင့် ရုပ်ပိုင်းရောစိတ်ပိုင်းရော သက်သာစေမှာပါ။ 

ကိုယ်ဝန်ဆောင်ဘဝမှာ သင့်ခန္ဓါကိုယ်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ပြောင်းလဲမှုတွေ ကြုံတွေ့နေရပါတယ်။ ဟော်မုန်းတွေလည်း ခန္ဓါကိုယ်ထဲ များလာတယ်။ ယောဂကျင့်ခြင်းက သင့်ခန္ဓါကိုယ်ကို အဲဒီအပြောင်းအလဲတွေကြား လိုက်လျောညီထွေဖြစ်စေပြီး တဖြည်းဖြည်းကြီးလာမယ့် ဗိုက်ကို သက်သာင့်သက်သာ ဖြစ်စေမှာပါ။ ဒါဆိုရင် သင့်အနေနဲ့လည်း နေရထိုင်ရ ပိုမိုကောင်းမွန်ပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ အသက်ရှူနည်းစနစ်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းအတွက်ပါ အရေးကြီးပါတယ်။ သင့်ခန္ဓါကိုယ်ထဲမှာ ပြောင်းလဲနေတဲ့ ဟော်မုန်းတွေက သင့်ရဲ့စိတ်ခံစားမှုကို လွှမ်းမိုးနေပြီး အကြောင်းရင်းမရှိဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံနေရတတ်ပါတယ်။ စိုးရိမ်ပူပန်နေမယ်၊ စိတ်တိုနေမယ်။ အဲဒီလိုစိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့က အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး သတိ မှတ်နေဖို့ လိုပါတယ်။

ဒီလေ့ကျင့်ခန်းတွေကတော့ သင့်ကို အသက်၀၀ရှူအောင် ကူညီပေးနိုင်မှာ ဖြစ်သလို သင့်ကလေးဆီလည်း အောက်ဆီဂျင်များများ ရအောင် ကူညီပေးပါတယ်။ အဲဒီအပြင် အသက်ရှူနည်းစနစ်တွေ သင်ယူထားခြင်းက ကလေးမွေးတဲ့အခါ အနာသက်သာစေဖို့လည်း အထောက်အကူပြုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ ကြုံရလေ့ရှိတဲ့ပြဿနာတစ်ခုကတော့ ခါးအောက်ပိုင်း နာကျင်တာပါပဲ။ ယောဂလေ့ကျင့်ခန်းတွေက သင့်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေတယ်၊ သင့်ရဲ့ ခန္ဓါကိုယ်ကို ဟန်ချက်ညီစေပြီး နောက်ကျောကြွက်သားများကို အားကောင်းစေပါတယ်။

ကလေးမွေးတဲ့အခါ လိုအပ်တဲ့ ကြွက်သားတွေရဲ့ သန်စွမ်းမှုကို ယောဂလေ့ကျင့်ခန်းတွေက ကူညီပေးပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့ ပုံစံမျိုးလေ့ကျင့်ခြင်းက သင့်ရဲ့ တင်ပါးဆုံနဲ့ တင်ပါးတွေကို သန်စွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ရဲ့ အသက်ရှူနည်းစနစ်၊ ကိုယ်နေဟန်ထားနဲ့ နာကျင်မှုထိန်းချုပ်ခြင်းတို့ကို အထောက်အကူပေးပါတယ်။ နောက်ပြီး စိတ်ဖိစီးမှုတွေကို လျော့စေသလို ရိုးရိုးမွေးဖို့လည်း စိတ်သက်သာမှု ရှိလာပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်အများစုမှာ စိုးရိမ်ပူပန်မှုတွေ ရှိကြပါတယ်။ အစားအသောက်၊ ရောဂါနဲ့ ကလေးမွေးဖွားမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေကြရတယ်။ အဲဒီအခြေအနေက အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ကို ထပ်ဖြစ်စေတယ်။ ယောဂလေ့ကျင့်ခန်းတွေကို တောက်လျှောက်လုပ်သွားမယ်ဆိုရင်တော့ သင့်အနေနဲ့ အဲ့ဒီလိုခံစားရတာတွေ နည်းလာမယ်။ ပိုပြိးလည်း သက်သောင့်သက်သာရှိလာမယ်။ အိပ်မပျော်ခြင်းတွေအတွက်လည်း အကောင်းဆုံးကုထုံးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လန်းဆန်းတက်ကြွစေသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။