ယောဂကျင့်စဉ်နှင့် ကျန်းမာရေး

ယောဂကျင့်စဉ်နှင့် ကျန်းမာရေး

16:40 PM 12 Jun, 2024

ယောဂပြုလုပ်ခြင်းသည် စိတ်နှင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင် သောကြောင့်   ကမ္ဘာတစ်ဝန်းတွင်   လူကြိုက်များလာပြီး   ယောဂကျင့်စဉ်ကို  ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံး လာကြပါတယ်။ ခေတ်သစ်လူနေမှုပုံစံတွင် စိတ်ဖိစီးမှုများခြင်းသည် သွေးတိုး၊ နှလုံးရောဂါအပါအဝင် အထွေထွေ ကျန်းမာရေးကို ထိခိုက်စေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ လေဖြတ်ခြင်း၊ ကင်ဆာနှင့်သွေးချို၊ ဆီးချိုရောဂါကဲ့သို့သော မကူးစက်နိုင်သော ရောဂါများ သည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်ပြီး ယောဂ ကျင့်စဉ်ကို နေ့စဉ်ပုံမှန် ပြုလုပ်ခြင်းအားဖြင့် သိသာစွာလျှော့ချနိုင်ကြောင်း သိရှိလာကြပါတယ်။

ယောဂကျင့်ခြင်းသည်  ဇီဝကမ္မဆိုင်ရာ  နိုးကြားမှုကို ဖြစ်စေပြီး  ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းနှင့် အစာစားချင်စိတ်ကို ဖြစ်စေပါတယ်။ အမေရိကန်နှလုံး အဖွဲ့အစည်း၏ သိပ္ပံနည်းကျ သုတေသနအစီရင်ခံစာတွင် တရား ထိုင်ခြင်း၊ ယောဂကျင့်စဉ် ပုံမှန်ပြုလုပ်ခြင်းသည် သွေးပေါင်ချိန်ကိုသိသိသာသာ လျှော့ချနိုင်သဖြင့်     နှလုံးသွေးကြောကျဉ်း ရောဂါလူနာများတွင် နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် ရုတ်တရက် သေဆုံးမှုများကို လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

ယောဂကျင့်စဉ်သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည့် ရှေးဟောင်း ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ “ယောဂ”(Yoga) ဟူသော ဝေါဟာရ သည် သက္ကတဘာသာမှ ဆင်းသက်လာပြီး ခန္ဓာကိုယ်နှင့် အသိစိတ်တို့၏ ပေါင်းစပ်မှုနှင့် သဟဇာတ ဖြစ်မှုကို ကိုယ်စားပြုပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ယောဂသည်  “အိန္ဒိယ ရှေးဟောင်း အစဉ်အလာ၏ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခု” ဖြစ်ပြီး “ကျန်းမာသန်စွမ်းသော ကမ္ဘာဂြိုဟ် ကို ဖန်တီးရန် အထောက်အကူဖြစ်စေသည်” ဟု ၂၀၁၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့ပါတယ်။ 

ယောဂပြုလုပ်ခြင်းသည် ကာယလေ့ကျင့်ခန်း တစ်ခုတည်းအတွက် မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိသည့်  စိတ်နှင့်ခန္ဓာကိုယ် လေ့ကျင့်မှုတစ်ခု ဖြစ်သည်။ ယောဂကျင့်စဉ်သည် လက်ရှိအချိန်ကိုအာရုံစိုက်၍ စိတ်ဖိစီးမှုနှင့် အဆိုးမြင် စိတ်များမှ လွတ်ကင်းစေရန်သင်ကြားပေးသည့် အလေ့အကျင့်တစ်ခုဖြစ်သည်။ ယောဂအမျိုးအစားများစွာရှိသော်လည်း Hatha Yoga ကိုအများဆုံး လေ့ကျင့်ကြ သည်။ Hatha Yoga ၏ အဓိက အစိတ်အပိုင်းများတွင် အကြောဆန့်လေ့ကျင့်ခန်းများနှင့် ကိုယ်လက် လှုပ်ရှားမှုများ၊ အသက်ရှူထိန်းချုပ်မှုနှင့် အာရုံစူးစိုက်မှုနည်းစနစ်များ (တရားထိုင်ခြင်း) တို့ပါဝင်ပါတယ်။