လေပွတာ သက်သာစေမယ့် ယောဂလေ့ကျင့်ခန်း (၅) မျိုး

လေပွတာ သက်သာစေမယ့် ယောဂလေ့ကျင့်ခန်း (၅) မျိုး

15:10 PM 20 May, 2025

လေပွတာက ခံစားရခက်ခဲပြီး နေ့စဉ်စားသုံးတဲ့ အစားအစာတွေ၊ ပါးစပ်ကနေ လေမျိုချမိတာတွေကြောင့် ဖြစ်တတ်ပါတယ်။ လေပွတာကြောင့် ဗိုက်အောင့်တာ၊ နေရထိုင်ရ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေပွတာကို သက်သာစေမယ့် ယောဂလေ့ကျင့်ခန်း (၅) မျိုးကို လေ့လာကြည့်ရအောင်။

 

ယောဂလေ့ကျင့်ခန်းက လေပွတာကို သက်သာစေနိုင်သလား

ယောဂလေ့ကျင့်ခန်းက လေပွတာကို သက်သာစေနိုင်တဲ့အပြင် ကိုယ်လက်လှုပ်ရှားမှုတွေ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စတွေ လုပ်တာတွေကလည်း အစာခြေစနစ်ကို ကောင်းမွန်စေပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့် လေပွနေပြီဆိုရင် လမ်းလျှောက်တာမျိုးလုပ်ပြီး အောက်ပါယောဂလေ့ကျင့်ခန်းတွေကို လုပ်ပေးကြည့်ပါ။

 

၁။ Apanasana 

ဒီပို့စ်က အစာအိမ်ထဲမှာရှိတဲ့ လေတွေကို လေတက်တာ ဒါမှမဟုတ် လေလည်တာတွေကနေတစ်ဆင့် ဖယ်ရှားပေးပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ပေါ်ကို ဖိအားပေးပြီး လေတွေကို ဖယ်ရှားပေးပါတယ်။

*အရင်ဆုံး ပက်လက်လှန်ပြီး လက်နှစ်ဖက်ကို ဘေးမှာချထားပါ။

*ခြေထောက်တွေကို ဆန့်ထားပါ။

*ဒူးနှစ်ဖက်ကို ကွေးပြီး ဗိုက်ဆီသို့ဆွဲယူကာ ဒူးနှစ်လုံးကို လက်နဲ့ဖိပိုက်ထားပါ။ ၁၀ စက္ကန့်လောက်နေပါ။

ဒီလေ့ကျင့်ခန်းကို ၅ ကြိမ်ကနေ ၇ ကြိမ်အထိ လုပ်ပေးပါ။ လေ့ကျင့်ခန်းမစခင် အသက်ပြင်းပြင်းရှူပြီး ဒူးကိုပိုက်ထားတဲ့အချိန်မှာ အသက်ကိုအောင့်ထားပါ။

 

၂။ Ananda Balasana 

ဒီပို့စ်က အစာအိမ်ထဲက လေတွေကို ဖယ်ရှားပေးရုံသာမက ပေါင်တွင်းကြောတွေကိုလည်း ပြေလျော့စေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

*ပက်လက်လှန်ပြီး သက်တောင့်သက်သာ နေပါ။ ခြေထောက်ကို ဆန့်ထားပါ။

*ခြေထောက်တွေကို ဒူးကွေးပြီး ရင်ဘတ်ဆီသို့ ဆွဲယူပါ။ ခြေထောက်နှစ်ဖက်ကြား လက်နှစ်ဖက်ထည့်ပါ။

*ခြေဖျားလေးတွေကို ဘယ်ခြေကို ဘယ်လက်၊ ညာခြေကို ညာလက်နဲ့ ကိုင်ထားပါ။

*ခြေထောက်ကို ၉၀ ဒီဂရီအနေအထား ရအောင် ဆန့်ထုတ်ပြီး ၁၀ စက္ကန့်လောက်နေပါ။ ၅ ကြိမ်ကနေ ၇ ကြိမ်အထိ လုပ်ပေးပါ။

*အသက်ကိုမှန်မှန်ရှူပါ။

 

၃။ Supta Matsyendrasana 

ဒီပို့စ်က အစာအိမ်ထဲက လေတွေကို ဖယ်ရှားပေးပြီး ခါးကြောတွေကို ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပြီး ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။

*ပက်လက်လှန်ပြီး သက်တောင့်သက်သာ နေပါ။ ခြေထောက်ကို ဆန့်ထားပါ။

*ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး ရင်ဘတ်ဆီသို့ ဆွဲယူပါ။

*ဒူးကို လက်နဲ့ဖိထားပြီး ဘယ်ခြေဆိုရင် ခြေထောက်ကို ညာဘက်ခါးအထက်ပိုင်းနဲ့ မျက်နှာကို ဘယ်ဘက်သို့လှည့်ကာ ၁၀ စက္ကန့်လောက်နေပါ။ တစ်ဖက်ပြီးတစ်ဖက်ပြောင်းလုပ်ပါ။ ၄ ကြိမ်ကနေ ၅ ကြိမ်အထိ လုပ်ပေးပါ။

*အသက်ကိုမှန်မှန်ရှူပါ။

 

၄။ Parivrtta Sukhasana

ဒီပို့စ်က အစာအိမ်ထဲက လေတွေကို ဖယ်ရှားပေးပြီး ခါးကြောတွေကို ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။

ထိုင်ခုံပေါ်မှာ ခါးမတ်မတ်ထိုင်ပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခေါင်းကို ဘယ်ဘက်လှည့်ပြီး ဘယ်ဘက်လက်နဲ့ ညာဘက်ဒူးကို ထိထားပါ။

ညာဘက်လက်နဲ့ ဘယ်ဘက်ဒူးကို ထိပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခေါင်းကို ညာဘက်လှည့်ပါ။ တစ်ဖက်ပြီးတစ်ဖက် တစ်လှည့်စီလုပ်ပါ။ ၇ ကြိမ်ကနေ ၉ ကြိမ်အထိ လုပ်ပေးပါ။

 

၅။ Prasarita Padottanasana

ဒီပို့စ်က အစာအိမ်ထဲက လေတွေကို ဖယ်ရှားပေးပြီး ခါးကြောတွေကို ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး မျက်နှာဆီကို သွေးစီးဆင်းမှုကောင်းစေပါတယ်။

မတ်မတ်ရပ်ပါ။ ခြေထောက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ခွဲနိုင်သလောက်ခွဲပါ။

ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခေါင်းကို အရှေ့ဘက်သို့ကိုင်းချပြီး လက်နှစ်ဖက်ကို ခြေထောက်နှစ်ဖက်ကြား ကြမ်းပြင်မှာချထားကာ လက်ကိုစုံထားပါ။

ခေါင်းကိုငုံ့ပြီး ၁၀ စက္ကန့်လောက်နေပါ။ ၇ ကြိမ်ကနေ ၉ ကြိမ်အထိ လုပ်ပေးပါ။

လေပွတာကြောင့် အိပ်ရေးပျက်တာ၊ နေရခက်တာတွေမဖြစ်ရအောင် ဒီယောဂပို့စ်တွေလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။